ဦးဘွန်တူးမှာ ဆောဖ့်ဝဲတွေ သွင်းပုံသွင်းနည်းက ဝင်းဒိုးနဲ့ အတော်အတန် ကွဲပြားပါတယ်။
ဝင်းဒိုးမှာ  ဆောဖ့်ဝဲတစ်ခုကို သွင်းချင်ပြီဆိုရင် စီဒီခွေ ဝယ်ပြီးတော့ဖြစ်ဖြစ်၊  အင်တာနက်ကနေ ဒေါင်းလုပ်လုပ်ပြီးတော့ဖြစ်ဖြစ် အင်စတော်လာ exe (သို့) msi  ဖိုင် ကို ရယူပါတယ်။ ပြီးတော့မှ အဲဒီ ဖိုင်ကို ကလစ်နှိပ်ဖွင့်ပြီး  ညွှန်ကြားချက်တွေအတိုင်း တစ်ဆင့်ပြီး တစ်ဆင့် သွင်းရပါတယ်။
ဦးဘွန်တူးမှာတော့  အင်တာနက်ချိတ်ဆက်ထားရင် package manager ကို အသုံးပြုပြီး မိမိ အလိုရှိတဲ့  ဆောဖ့်ဝဲတွေကို လွယ်လင့်တကူ ရှာဖွေ အသုံးပြုနိူင်ပါတယ်။
လူသုံးများပြီး  လိုင်စင်ပိုင်းဆိုင်ရာ ကန့်သတ်မူ မရှိတဲ့ ဦးဘွန်တူး ဆောဖ့်ဝဲတွေကို  အများသူ ငါ လွယ်လွယ်ကူကူ ရယူသုံးစွဲနိူင်စေဖို့အတွက်  သိုလှောင်(host)ပေးထားတဲ့ ဆာဗာတွေ အင်တာနက်ပေါ်မှာ အများကြီး ရှိပါတယ်။  အဲဒီ သိုလှောင်ထားတဲ့ ဦးဘွန်တူး ဆောဖ့်ဝဲတွေကို package လို့ ခါ်ပါတယ်။  အဲဒီလို သိုလှောင်ပေးထားတဲ့ အင်တာနက် ဆာဗာတွေကို software repository လို့  ခေါ်ပါတယ်။ package manager ဆိုတာက အဲဒီ ဆာဗာတွေက ဆောဖ့်ဝဲ package တွေကို  သွင်းယူဖို့ အသုံးပြုရတဲ့ ဆောဖ့်ဝဲကို ခေါ်တာပါ။
Package manager က  repository တွေမှာ လှောင်ထားတဲ့ ဆောဖ့်ဝဲ (package)တွေကို  စာရင်းပြုထားတဲ့အတွက် မိမိ အလိုရှိတဲ့ ဆောဖ့်ဝဲတွေကို package manager မှာ  ရှာဖွေနိူင်ပါတယ်။ မိမိ အသုံးလိုတဲ့ ဆောဖ့်ဝဲကို တွေ့ရင် ကလစ်  တစ်ချက်နှိပ်လိုက်ယုံနဲ့ package manager က အဲဒီ ဆောဖ့်ဝဲကို အလိုလို  ဒေါင်းလုပ်လုပ်ပြီး သွင်းယူပေးပါလိမ့်မယ်။
တစ်ခါတစ်ရံ  အချို့ဆောဖ့်ဝဲ package တွေကို အသုံးပြုဖို့ အခြား ဆောဖ့်ဝဲ package  တွေကိုလည်း လိုအပ်တတ်ပါတယ်။ အဲဒီလို လိုအပ်တဲ့ ဆောဖ့်ဝဲတွေကို dependencies  လို့ ခေါ်ပါတယ်။ ဝင်းဒိုးဆောဖ့်ဝဲတွေက ပုံမှန်အားဖြင့် အခြားလိုအပ်တဲ့  ဆောဖ့်ဝဲတွေ အားလုံးကို စုပြုံပြီး အင်စတော်လာဖိုင်ထဲမှာ  ထည့်သိပ်ထားလေ့ရှိပါတယ်။ ဒါကြောင့်မို့လည်း ဝင်းဒိုးမှာ  အင်စတော်လာဖိုင်ဆိုက်တွေက လိုအပ်တာထက် ပိုကြီးနေတတ်တာပါ။ ဦးဘွန်တူး  ဆောဖ့်ဝဲ package တွေကတော့ အပိုအလို မပါဘဲ အခြား လိုအပ်တဲ့ ဆောဖ့်ဝဲ  package တွေရှိရင် package manager က သူ့အလိုလို ရှာဖွေ  သွင်းယူပေးပါလိမ့်မယ်။
ဒီမှာ ပြဿနာ တစ်ခုက အင်တာနက် မရှိလို့  package manager ကို အသုံးမပြုနိူင်ရင်ပါ။ ဝင်းဒိုးမှာက အင်စတော်လာထဲမှာ  လိုအပ်တဲ့ အခြားဆောဖ့်ဝဲဖိုင်တွေ (dependencies) အကုန်ပါနေပြီးဖြစ်တဲ့အတွက်  အင်စတော်လာဖိုင် တစ်ခုထဲနဲ့ သွင်းဖို့ လုံလောက်ပါတယ်။ ဦးဘွန်တူးမှာတော့  မိမိ သွင်းလိုတဲ့ ဆောဖ့်ဝဲ package ကို သွင်းလိုက်ရုံနဲ့ မရပါဘူး။ အဲဒီ  package က လိုအပ်တဲ့ အခြား software package တွေကိုလည်း သွင်းပေးဖို့  လိုအပ်ပါလိမ့်မယ်။ အချို့ ဆောဖ်ဝဲတွေကို အသုံးပြုဖို့ အခြားဆောဖ့်ဝဲ  package လေး၊ ငါး၊ ဆယ်ခု လိုအပ်နေတဲ့အခါ လိုအပ်တဲ့ ဆောဖ့်ဝဲတွေ အားလုံးကို  တစ်ခုချင်း လိုက်ဒေါင်းလုပ်လုပ်ပြီး သွင်းယူဖို့ဆိုတာ လက်ဝင်ပြီး  အလုပ်ရှုပ်ပါတယ်။ ဒါကြောင့်လည်း ဦးဘွန်တူးက အင်တာနက် မရှိရင် သုံးရတာ  အဆင်မပြေဘူး၊ ဆော့ဖ်ဝဲတွေ သွင်းရခက်တယ်လို့ ပြောကြတာပါ။
(ဒါပေမဲ့လည်း  အင်တာနက် မရှိရင် ဦးဘွန်တူးမှာ ဆောဖ့်ဝဲတွေ လုံးဝ သွင်းလို့ မရတော့တာ  မဟုတ်ပါဘူး။ ဦးဘွန်တူးမှာ အင်တာနက် မလိုပဲ ဆောဖ့်ဝဲတွေ သွင်းတဲ့နည်းကို  ကျနော် နောက်နေ့ ရေးပါမယ်။)
ဆောဖ့်ဝဲ package တွေကို  သွင်းပုံသွင်းနည်းကို မပြောခင်မှာ repositories တွေကို ဘယ်လို အသုံးပြုသလဲ  ဆိုတာကို ပြောရအောင် ... အပေါ်မှာ ပြောခဲ့သလိုပဲ repository ဆိုတာ  အင်တာနက်ပေါ်က ဦးဘွန်တူး ဆောဖ့်ဝဲတွေကို သိုလှောင်ပေးထားတဲ့ ဆာဗာတွေပါ။  repository တွေကို ပြောင်းချင်၊ ပြင်ချင်ရင် System >> Software  Sources ကို သွားပါ။ လျှို့ဝှက်ကုတ်တောင်းရင် မိမိရဲ့ လျှို့ဝှက်ကုတ်ကို  ရိုက်ထည့်ပေးလိုက်ပါ။ “Software Sources" ဆိုတဲ့ ဘောက်တစ်ခု  ကျလာပါလိမ့်မယ်။
Canonical-supported Open Source Software  ဆိုတာကဦးဘွန်တူးရဲ့ ကျောထောက်နောက်ခံကုမ္ပဏီ Canonical က  ပံ့ပိုးကူညီထားပြီး ဝန်ဆောင်မူတွေ ပေးတဲ့ ဆောဖ့်ဝဲတွေပါ။  ၎င်းဆောဖ့်ဝဲတွေမှာ ပြဿနာတွေရှိခဲ့ရင် Canonical က တာဝန်ယူ  ဖြေရှင်းပေးပါတယ်။
Community-supported Open Source Software ဆိုတာက ဦးဘွန်တူး အသုံးပြုသူတွေက ဝိုင်းဝန်ဖန်းတီးထားတဲ့ ဆောဖ့်ဝဲ package တွေပါ။
Proprietary  drivers for devices ဆိုတာက ဟာဒ်ဝဲဒရိုက်ဗာ (driver) တွေပါ။ ဥပမာ -  NVIDIA၊ ATI အစရှိတဲ့ ဂရပ်ဖစ်ကပ်တွေရဲ့ ဒရိုက်ဗာကို သွင်းချင်ရင် ဒါလေးကို  ရွေးပေးဖို့ (check) လိုပါလိမ့်မယ်။
Software restricted by  copyright or legal issues ဆိုတာက လိုင်စင်၊ patent တွေနဲ့ ငြိနေတဲ့  ဆောဖ့်ဝဲ package တွေကို ပြောတာပါ။ ပုံမှန်အားဖြင့်တော့ အဲဒီ လေးခုလုံးကို  check လုပ်ထားသင့်ပါတယ်။
ပြီးတော့ Download from ဆိုတဲ့နေရာမှာ မိမိ  နှစ်သက်ရာ repository ဆာဗာကို ရွေးနိူင်ပါတယ်။ ပုံမှန်အားဖြင့်တော့  မိမိနဲ့နီးတဲ့ နေရာမှာ ရှိတဲ့ ဆာဗာတွေကို ရွေးသင့်ပါတယ်။ ဒါမှ package  manager က ဆောဖ့်ဝဲတွေ ဒေါင်းလုပ်လုပ်တဲ့အခါ ပိုပြီး မြန်မြန်ဆန်ဆန်  ရှိမှာပါ။ "Other" ဆိုတာကို ရွေးလိုက်လို့ အသစ်ပေါ်လာတဲ့ Download Server  from ဆိုတဲ့ဘောက်မှာ မိမိနှစ်သက်ရာ ဆာဗာကို နိူင်ငံအလိုက် ရွေးနိူင်သလို  "Select Best Server" ဆိုတာကို နှိပ်လိုက်ရင် ၎င်းဆာဗာတွေအားလုံးကို  စမ်းသပ်ပြီး မိမိနဲ့ အသင့်တော်ဆုံး ဆာဗာကိုလည်း သူ့အလိုလို  ရွေးပေးပါလိမ့်မယ်။ "Protocol" မှာတော့ ftp သို့ http ကို  ရွေးချယ်နိူင်ပါတယ်။ တစ်ချို့ ISP (Internet Service Provider) တွေ၊  Firewall တွေကftp ကို ဘလောက်လုပ်ထားကို သတိပြုပါ။
ဆောဖ့်ဝဲ  repositories တွေကို ပြောင်းပြင်ပြီးရင် အဲဒီ ဆောဖ့်ဝဲ repositories တွေမှာ  ရနိူင်တဲ့ ဆောဖ့်ဝဲ package တွေကို ပြန်စာရင်းပြုဖို့ လိုပါလိမ့်မယ်။  အဲဒီလို လုပ်ဖို့ Package Manager ကို အသုံးပြုနိူင်ပါတယ်။ Package Manager  ကို System >> Administration >> Synaptic Package Manager  ဆိုပြီး ဖွင့်နိူင်ပါတယ်။ ပြီးသွားရင် ဘယ်ဘက် အပေါ်အစွန်မှာ ရှိတဲ့ reload  ဆိုတာကို နှိပ်လိုက်ရင် Package Manager က ရွေးချယ်ထားတဲ့ ဆောဖ့်ဝဲ  repositories တွေက ရနိူင်တဲ့ ဆောဖ့်ဝဲ package တွေကို သူ့အလိုလို  စာရင်းပြုလုပ်လိုက်ပါလိမ့်မယ်။
Package Manager က repositories တွေက  ရနိူင်တဲ့ ဆောဖ့်ဝဲ package စာရင်းတွေကို ဒေါင်းလုပ်လုပ်ပြီးရင်တော့  မိမိအလိုရှိတဲ့ ဆောဖ့်ဝဲတွေကို ရှာဖွေ ရယူ အသုံးပြုနိူင်ပါပြီ။  မလိုအပ်တော့တဲ့ ဆောဖ့်ဝဲ package တွေကိုလည်း Synaptic Package Manager ကို  အသုံးပြုကာ ထုတ်ပစ်နိူင်ပါတယ်။ Synaptic Package Manager ကို အသုံးပြုပုံ  အသေးစိတ်ကိုတော့ အခြား ဦးဘွန်တူး ဆောဖ့်ဝဲ application များနည်းတူ F1  နှိပ်ပြီး (သို့) ညာဘက် ထောင့်စွန်းက Help >> Content ကို  အသုံးပြုပြီး ဖတ်ရှုလေ့လာနိူင်ပါတယ်။
မှတ်ချက်။ ။ Application  >> Ubuntu Software Center ကိုလည်း Synaptic Package Manager အစား  အသုံးပြုနိူင်ပါတယ်။ ယခုလက်ရှိမှာတော့ Ubuntu Software Center က စမ်းသပ်  အဆင့်သာ ရှိသေးတဲ့အတွက် Synaptic Package Manager လောက် ပြည့်ပြည့်စုံစုံ  ချောချောမွေ့မွေ့ အသုံးပြုနိူင်ခြင်း မရှိသေးပါဘူး။
 
No comments:
Post a Comment